BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, September 18, 2009

အခုကစလို့ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီကဗျာကို ခင်ဗျားဆုံးအောင်ဖတ်ပါ

အခုကစလို့ ဘယ်နည်းနဲ့မှ အဆုံးအရှုံးမခံနိုင်တော့ဘူး
ခင်ဗျားကို

အဲ့ဒီမျက်လုံးဝိုင်းဝိုင်းတွေက အနီးမှုန်တတ်သလား
နောက်တစ်ခုထပ်မေးမယ်
အဲ့ဒီမျက်လုံးဝိုင်းဝိုင်းတွေက
အနီးကိုကျော်ပြီး အဝေးကိုပဲမျှော်နေခဲ့တာလား

ခင်ဗျားကို ချန်ရစ်ထားခဲ့တဲ့ မြစ်တွေဆီကမှ
ချစ်ခြင်းမေတ္တာငါးတွေ ဖမ်းယူစားသုံးချင်နေတာ
ရူးသွပ်တာမဟုတ်လို့ ဘာလဲ
အဖြည့်မခံတော့တဲ့ ကွပ်လပ်တွေနဲ့မှ
ဆက်ပြီးပတ်သတ်ချင်နေတာ
မိုက်မဲတာမဟုတ်လို့ဘာလဲ

ကျုပ်က ခင်ဗျားထက်အငယ်ဆိုလဲ
ဘာဖြစ်ဖြစ်ပြောမယ်
ကျုပ်နဲ့ ပတ်သက်တာကလွဲလို့
ခင်ဗျားလုပ်သမျှဟာ အမှားချည်းပဲ

အခုကစလို့ ခင်ဗျားအတွက်
လူတော်မဟုတ်ဘူး ကျုပ်က လူပျော်
လူကောင်းမဟုတ်ဘူး ကျုပ်က လူဟောင်း
ရွတ်ရွတ်နဲ့ ရွဲ့ရွဲ့ပဲ
ခင်ဗျားကလွဲလို့ မြင်မြင်သမျှဟာလဲ တစ်စောင်းချည်းပဲ


ဒါဟာ ဒေါသကနေ အသွင်ပြောင်းလာတဲ့ ချစ်ခြင်းမေတ္တာ
ခင်ဗျားကို နောက်ဆုံးဆိုပြမဲ့သီချင်းဖြစ်တယ်
ငြိမ်းချမ်ရေးစာချုပ်ကို ပြင်ဆင်ရေးထားတဲ့
စစ်ကြေညာလွှာလဲဖြစ်သလို
ချိန်ကိုက်မိုင်းတစ်လုံးရဲ့ စက္ကန့်ရေတွက်သံတွေဖြစ်တယ်

ဟေ့ . . . ခင်ဗျားဆိုတဲ့မမ
အခုကစလို့ ဖျားနာနေတဲ့ကျုပ်နှလုံးသားကို ကုသဖို့
ခင်ဗျားရင်တံခါးကို ဟထားပေးပါ
ကျုပ်ခပ်ဖွဖွပဲဝင်လာခဲ့မယ်

အမုန်ထောင်ချောက်တွေ တန်းစီဖွက်ထားမလား
လက်လွတ်အဆုံးရူံးမခံနိုင်တဲ့နောက်တော့
ကျုပ်သေမှာ မကြောက်တော့ဘူး
တစ်ခုလေးပဲ . . .
တစ်ခုလေးပါပဲ


တိုးတိုးရယ်နဲ့တိတ်တိတ်လေး
“ခင်ဗျားကို သိပ် ချစ် တာ” လို့
မပြောရမှာကိုပဲ စိုးရိမ်တာ။

8 comments:

Unknown said...

အင်း...အနုနဲ့ အကြမ်းရောမွှေထားသလိုပဲဗျာ...
ပိုးသားလို နှလုံးသားနဲ့ ဒဿဂီရိများလား...

ဟေ့ . . . ခင်ဗျားဆိုတဲ့မမ
အခုကစလို့ ဖျားနာနေတဲ့ကျုပ်နှလုံးသားကို ကုသဖို့
ခင်ဗျားရင်တံခါးကို ဟထားပေးပါ
ကျုပ်ခပ်ဖွဖွပဲဝင်လာခဲ့မယ်

သဘောကျတယ်....... ခပ်ဖွဖွလေးဝင်လာဦးမတဲ့...ဒီလူကြမ်းကြီးက။

ဖြိုးငယ် said...

ခေါင်းစဉ်ကိုဖတ်ပြီး လန့်သွားတာပဲဗျာ .. ဘာများဖြစ်တာလဲလို့ .. နောက်တော့မှ စစ်ကြေငြာနေတာကို ...
အပိုဒ်တိုင်းက ကောင်းတယ် ...
ဖတ်ရတဲ့ မိန်းကလေးကတော့ မလွယ်ဘူးဟေ့ ..

ဆောင်းယွန်းလ said...

ဟေ့ . . . ခင်ဗျားဆိုတဲ့မမ
အခုကစလို့ ဖျားနာနေတဲ့ကျုပ်နှလုံးသားကို ကုသဖို့
ခင်ဗျားရင်တံခါးကို ဟထားပေးပါ
ကျုပ်ခပ်ဖွဖွပဲဝင်လာခဲ့မယ်

ကဗျာလေးမိုက်တယ်ညီလေး
မမဖတ်မဖတ်တော့မသိဘူး
ကိုယ်တော့ဆုံးအောင်ဖတ်သွားပါတယ်

အိုင်လွယ်ပန် said...

ဟုတ်ကဲ့
ဆုံးအောင်ဖတ်သွားပါတယ်ခင်ဗျာ :)
လေတွေ ငြိမ်နေတယ် ..
မုန်တိုင်းမကျသေးခင်လို .....။။

သက်ထွန်းညိမ်း said...

ဟူး မလွယ်ဘူးး)

စိုင်းလောဝ်ပိန်း said...

ကြောက်ကြောက်နဲ့ ဆုံးအောင်ဖတ်သွားတယ်ဗျို့။
ကဗျာရေးဟန်လေး မိုက်တယ်ဗျာ။

Mhu Darye said...

အတော် ကြွေသွားတယ်!! ဆက်အားပေးနေမယ်၊ အိုကေ? ;)

ကျော်ညိုသွေး said...

ကျွန်တော့်ကို ချစ်တာလား ? :D