BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, June 23, 2009

မုန်းတယ်

ကဗျာခေါင်းစဉ်ကို က မုန်းတယ်လို့ဆိုတာ့
ဖတ်တဲ့သူ ခင်ဗျားလဲ ရေးတဲ့သူ ကျွန်တော့ကို
မုန်းရင်မုန်းမယ်
ဆက်မလား ရပ်မလား … အဲ့ဒါ
ကိုယ့်လူသဘောကျပဲ

အိပ်ကပ်ပြားနေတာကို မုန်းတယ်
မနက်ဖြန်မနက် ရုံးတက်ရမှာကို မုန်းတယ်
ဘတ်စ်ကားမှတ်တိုင်တွေကို မုန်းတယ်
သစ်ရွက်တွေလှုပ်နေရင်လဲ မုန်းတယ်
အခုလို မုန်းတဲ့အကြောင်းရေးဖို့ စဉ်းစားနေရတာလဲ
မုန်းတယ်

မုန်းရတာလဲ ပင်ပန်းခြင်းတစ်မျိုးပါပဲ
အဲ့လိုပင်ပန်းနေရတာကိုလဲ မုန်းတယ်

အိမ်ရှေ့လမ်းက ဖြတ်လျှောက်တဲ့ အတွဲတွေကိုမုန်းတယ်
ပိုက်ဆံပြန်မအမ်းတဲ့ စပယ်ယာကိုမုန်းတယ်
အရေပြားထက်က အပြုံးတွေကို မုန်းတယ်
ချစ်သူကပေးခဲ့တဲ့ အမုန်းကို မုန်းတယ်
……………………………မုန်းတယ်
……………………………မုန်းတယ်
…………………………..မုန်းတယ်

ခပ်သိမ်းသော အလုံးစုံနဲ့ တစ်လောကလုံး
ပူလောင်တဲ့ စိတ် ၊ အဆိပ်သင့်တဲ့ခန္ဒာ
ဒီကမ္ဘာမှာမှ လူလာဖြစ်ရတဲ့ အဖြစ်ကိုမုန်း . . .
အခုလို ကဗျာကိုအဆုံးသတ်လိုက်ရတာကိုလည်း
သိပ်မုန်းမိတယ်။