ဘယ်အချိန်ကတည်းက ကျပျောက်သွားခဲ့ရတာလဲ
အခုထိ နောက်တစ်ခါ ပြန်မရခဲ့
မြူလို မီးခိုးလို မိုးတိမ်တွေလို
ထိတွေ့ ဖမ်းဆုပ်နိုင်ခွင့်မရှိခဲ့တာ နှစ်အတန်ကြာ
အဖြစ်ထက် အပျက်တွေကပဲ များများလာ
မြက်ခင်းစိမ်းစိမ်းတွေပေါ် . .
ဖုန်ထူထူလမ်းမတွေပေါ်
မတော်တစ်ဆ ရှင်သန်ခွင့်ရခဲ့တာကလွဲရင်
စိတ်လိုလက်ရ ဘယ်အကြောင်းမှ ပြန်မပြောချင်တော့
အစားထိုးစရာတွေက အဖိုးအခသိပ်ကြီးလွန်းတယ်
စိုက်ခဲ့တဲ့ သစ်ပင်တွေဟာလဲ တန်းစီညှိုးခြောက်သေဆုံးလို့
လျှောက်နေရတဲ့ လမ်းကျဉ်းကျဉ်းလေး တစ်ဖက်တစ်ချက်စီမှာ
ချောက်နက်နက်တွေ စီစီရီရီ ဆီးလို့ ကြိုလို့
တစ်နေ့နေ့မှာတော့ ကျွန်တော်
စိတ်လွတ်ကိုယ်လွတ်ခုန်ချဖြစ်ပါလိမ့်မယ်
အနည်းဆုံး. . . ပျောက်ဆုံးနေခဲ့တဲ့ ပျော်ရွှင်ခြင်းရနံ့ကို
လေဟာနယ်ထဲမှာ တင်္ဒဂ ပြန်ရနိုင်မယ်
မျှော်လင့်ချက်နဲ့ . . . .
ဟုတ်ကဲ့
လွတ်လွတ်လပ်လပ် နဲ့ အားရပါးရမရယ်မော မပျော်ရွှင်နိုင်ခဲ့တာ
နှစ်အတော်ကြာခဲ့ပြီဆိုတဲ့အကြောင်း
ပြောချင်တာပါ။
Monday, November 9, 2009
အခုတစ်လော . .
Posted by နွေညို at 3:08 PM 1 comments
Labels: ကဗျာများ
Friday, September 18, 2009
အခုကစလို့ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီကဗျာကို ခင်ဗျားဆုံးအောင်ဖတ်ပါ
အခုကစလို့ ဘယ်နည်းနဲ့မှ အဆုံးအရှုံးမခံနိုင်တော့ဘူး
ခင်ဗျားကို
အဲ့ဒီမျက်လုံးဝိုင်းဝိုင်းတွေက အနီးမှုန်တတ်သလား
နောက်တစ်ခုထပ်မေးမယ်
အဲ့ဒီမျက်လုံးဝိုင်းဝိုင်းတွေက
အနီးကိုကျော်ပြီး အဝေးကိုပဲမျှော်နေခဲ့တာလား
ခင်ဗျားကို ချန်ရစ်ထားခဲ့တဲ့ မြစ်တွေဆီကမှ
ချစ်ခြင်းမေတ္တာငါးတွေ ဖမ်းယူစားသုံးချင်နေတာ
ရူးသွပ်တာမဟုတ်လို့ ဘာလဲ
အဖြည့်မခံတော့တဲ့ ကွပ်လပ်တွေနဲ့မှ
ဆက်ပြီးပတ်သတ်ချင်နေတာ
မိုက်မဲတာမဟုတ်လို့ဘာလဲ
ကျုပ်က ခင်ဗျားထက်အငယ်ဆိုလဲ
ဘာဖြစ်ဖြစ်ပြောမယ်
ကျုပ်နဲ့ ပတ်သက်တာကလွဲလို့
ခင်ဗျားလုပ်သမျှဟာ အမှားချည်းပဲ
အခုကစလို့ ခင်ဗျားအတွက်
လူတော်မဟုတ်ဘူး ကျုပ်က လူပျော်
လူကောင်းမဟုတ်ဘူး ကျုပ်က လူဟောင်း
ရွတ်ရွတ်နဲ့ ရွဲ့ရွဲ့ပဲ
ခင်ဗျားကလွဲလို့ မြင်မြင်သမျှဟာလဲ တစ်စောင်းချည်းပဲ
ဒါဟာ ဒေါသကနေ အသွင်ပြောင်းလာတဲ့ ချစ်ခြင်းမေတ္တာ
ခင်ဗျားကို နောက်ဆုံးဆိုပြမဲ့သီချင်းဖြစ်တယ်
ငြိမ်းချမ်ရေးစာချုပ်ကို ပြင်ဆင်ရေးထားတဲ့
စစ်ကြေညာလွှာလဲဖြစ်သလို
ချိန်ကိုက်မိုင်းတစ်လုံးရဲ့ စက္ကန့်ရေတွက်သံတွေဖြစ်တယ်
ဟေ့ . . . ခင်ဗျားဆိုတဲ့မမ
အခုကစလို့ ဖျားနာနေတဲ့ကျုပ်နှလုံးသားကို ကုသဖို့
ခင်ဗျားရင်တံခါးကို ဟထားပေးပါ
ကျုပ်ခပ်ဖွဖွပဲဝင်လာခဲ့မယ်
အမုန်ထောင်ချောက်တွေ တန်းစီဖွက်ထားမလား
လက်လွတ်အဆုံးရူံးမခံနိုင်တဲ့နောက်တော့
ကျုပ်သေမှာ မကြောက်တော့ဘူး
တစ်ခုလေးပဲ . . .
တစ်ခုလေးပါပဲ
တိုးတိုးရယ်နဲ့တိတ်တိတ်လေး
“ခင်ဗျားကို သိပ် ချစ် တာ” လို့
မပြောရမှာကိုပဲ စိုးရိမ်တာ။
Posted by နွေညို at 4:20 PM 7 comments
Labels: ကဗျာများ
Thursday, September 17, 2009
မုန်တိုင်းနောက်ဆက်တွဲ
ရေကြည်ရာမှာ မြက်မနုနိုင်တဲ့အလျောက်
မြက်နုရာမှာ ရေမကြည်နိုင်တဲ့နောက်
တစ်ယောက်ရဲ့ လိုအပ်မှုက တစ်ယောက်ကို အကျိုးမပြုတဲ့အခါ
တစ်ယောက်ရဲ့ရူးသွပ်မှုက တစ်ယောက်အတွက် အနုပညာဖြစ်မလာတဲ့အခါ
ခြေရာတွေကိုယ်စီ သိမ်းရုပ်လို့
လာလမ်းအတိုင်း တို့တွေ နောက်ဆုတ်လိုက်ကြရုံ
အလံဖြူတွေ စံပယ်လိုသွင်သွင်ပွင့်ပြနေပါလျက်နဲ့
သံသယတွေနဲ့အမှောင်ချထားတဲ့ အခန်းဆိုတော့မှ
မျက်ကန်းတစ်ယောက်ရဲ့ အချစ်ကို မင်းမြင်နိုင်ပါအုံးမလား
အပြောခပ်လွယ်လွယ်နဲ့ပဲ . . . မင်းကစပြီးမေ့လိုက်ကွယ်
တစ်ကယ်လို့ပေါ့ . . .
တစ်ကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် . . .
တစ်ကယ်လို့ နောက်တစ်ခါ ပြန်ဆုံဖြစ်မယ်လို့ မင်းယူဆခဲ့ရင်
အများကြီးမတွေးပါနဲ့ အချစ်ရယ်
အသေချာဆုံးတရားက
ငါဟာ မင်းအတွက် ချစ်ခြင်းအပွေးတွေအထပ်ထပ်နဲ့သနပ်ခါး
ငါ့အသွေးအသားတွေ အပွန်းပဲ့ခံလို့
မင်းတစ်ဘ၀လုံး မွှေးမြနေစေရပါ့မယ်။
Posted by နွေညို at 11:39 AM 4 comments
Labels: ကဗျာများ
Thursday, September 10, 2009
ဆန္ဒ
ကဲ . . . ကိုယ်ပိုင်အယူအဆတွေခဏဘေးချလို့
မင်းနဲ့ငါ့စိတ်တွေကို တစ်သားတည်းကျအောင်
ထားကြည့်လိုက်စို့ရယ်
လွတ်လပ်စွာကွဲလွဲနိုင်တာတွေက
ခဏ ခဏ ဆိုတော့လည်း စိတ်ပျက်စရာ
ဘ၀ဆိုတာကြီးက ဘယ်လိုပုံစံခွက်ထဲ
ပျော်ဝင်နေရတဲ့ အရာလဲ
ပြောရတာလည်း မောတယ်
အနည်းဆုံးတော့ မင်းငါ့ကိုချစ်နေသလို
ထပ်တူ ငါလဲ မင်းကိုချစ်နေ
ရှင့်ကဗျာတွေက ဘာတွေမှန်းမသိဘူးဆိုတာ
နောက်မှပဲပြောတော့ကွယ်
လာခဲ့ . . . အချစ်ရယ်
ကိုယ်ပိုင်အယူအဆတွေ ဘေးချလို့
ခဏပဲဖြစ်ဖြစ်
မင်းနဲ့ငါ့စိတ်တွေကို တစ်သားတည်းကျအောင်
ထားကြည့်လိုက်ပါစို့ကွယ်
Posted by နွေညို at 11:25 AM 2 comments
Labels: ကဗျာများ
တစ်ကိုယ်ရည်
စီးကျနေတဲ့ မိုးရေစက်တွေကိုကျော်လို့
မှန်ပြူတင်းအပြင်ကို မျှော်ငေးမိ
မျက်ဝန်းက သတိရခြင်းနှင်းတွေ ကြွေကျရုံထက်
ဘာမှ မတတ်နိုင်တယ်
မင်းမမှတ်မိလဲ ကိစ္စမရှိဘူးရယ်
ကိုယ့်ဖာသာ
အတိတ်မြစ်ထဲမှာ ပူလောင်ကူးခပ်နေချင်မိတာကိုက
နာတာရှည် ကုမရတဲ့ရောဂါ
ငါ့ကို မလိုအပ်တော့ဘူးပြောတဲ့နေ့ကလည်း
အခုလိုမျိုး မိုးတွေရွာခဲ့ပေါ့
ဟန်ကိုယ့်ဖို့ပါကွဲ့
မင်းမကြိုက်တဲ့ Pink Floyd ရဲ့
သီချင်းတွေ အကျယ်ကြီးဖွင့်လို့ မလွမ်းဆွတ်ဟန်ဆောင်
မခံနိုင်တဲ့အဆုံး
ကိုင်သူမရှိတဲ့ ဖုန်းကိုအကြောင်းမဲ့ခေါ်
ဆက်သူမရှိပါပဲ တယ်လီဖုန်းသံကို မျှော်နေမိပြန်တယ်
သိုဝှက်မှုတွေ ခပ်များများနဲ့
ရှင့်အချစ်က တစ်ကယ့်စိတ္တဇပဲ
မမြင်မကြားရလဲ . . စိတ်ထဲ
သူ့အရိပ်ကလေးနဲ့အသံဟာ တစ်ဆူတစ်ညံရှိဆဲ
ချစ်ခြင်းမေတ္တာဟာ သူ့အကိုင်းအခက်နဲ့သူသာ
ရှင်သန်နေပါစေတော့ကွယ်
ဟော့ဒီညမှာ . . . .
ဘာအကူအညီမှမပါပဲ ရိုးရိုးလေးအိပ်စက်ပစ်နိုင်ဖို့သာ
ကိုယ် မျှော်လင့်မိပါတယ်။
Posted by နွေညို at 10:25 AM 5 comments
Labels: ကဗျာများ
Friday, August 28, 2009
ပြောစရာမကျန်တဲ့ရုပ်ရှင်
မိုးနဲ့မြေကို တိုင်တည်ပြီးသစ္စာပြုပါသတဲ့
ချစ်ဦးစ စုံတွဲလေးဆီက ကြားရတဲ့အသံတွေ
သိပ်မကြာလိုက်ဘူးကွဲ့
နောက်တစ်နေ့မှာပဲ အကွဲအပြဲဇာတ်လမ်း အစ
ကောင်ကလေးက ငွေခေါ်တေးသွားကို
အသံမှန်အောင် မဆိုတတ်လို့ဝေးရတယ်တဲ့
ကံကြမ္မာရဲ့ လှန်ဖဲတွေက ဘူပဲကျကျလွန်းလို့
မြစ်ထဲခုန်ချသေမယ်တဲ့
သူငယ်ချင်းတစ်ယောက်က ပြောတယ်
ဟုတ်ပကွယ် . . .
သူ့အတွေးဟာ နောက်ကျလွန်းလောက်အောင်
မစောဘူး
မတရားစွပ်စွဲခံရတာပါလို့ တိုင်စရာ
ကျွန်တော့မှာ လူကြီးမင်းမရှိဘူး
ကျွန်တော် တို့ ကုန်းပိုးထားတာက
အသပြာလိုအပ်မှုဆိုတဲ့ ကင်ဆာရောဂါလား
ခပ်များများ ပြောစရာစကားမရှိတယ်
. . . .
တစ်ကယ်တော့
ကိုအငွေ့ပြောခဲ့သလို
ရှင်သန်နေတာကိုက . . . သေနေခဲ့ရတာ။
Posted by နွေညို at 12:32 PM 1 comments
Labels: ကဗျာများ
Tuesday, August 25, 2009
မရည်ရွယ်ပေမဲ့
အဲ့သလိုမရည်ရွယ်ပေမဲ့
အဲ့သလို ဖြစ်သွားတဲ့အတွက် ၀မ်းနည်းပါတယ်
ကိုယ့်စိတ်ဟာ မိုးတိမ်လိုရွေ့လျားပြောင်းလဲတတ်ကြောင်း
ကိုယ့်မျှားတဲ့ မေတ္တာမှာ မာယာအနည်းငယ် ဖြည့်စွက်ထားခဲ့ကြောင်း
အစကတည်းက မင်းသိစေဖို့
မျှော်လင့်ခဲ့တယ်
တစ်ရှုးဖြူလွလွတွေမြင်တိုင်း နှုတ်ခမ်းဆိုးဆေးအချို့အကြောင်း
အမှတ်ရမိတာ မငြင်းလို
ဒဏ်ရာနဲ့သွေးစက်တွေ စက်လက်ယိုနေဆဲပဲလား
တစ်ရံတစ်ခါ
တွေးမိခြင်းထက် ကိုယ်လက်တွေ့မဆန်နိုင်ခဲ့
သူလို ကိုယ်လိုပဲပေါ့ ကလေးရယ်
ခေတ်က တောင်းဆိုတဲ့ ကိုယ့်လိုအပ်မှုတွေထဲမှာ
မင်း မပါတော့ဘူးပဲ မှတ်ယူပါ
ကိုယ့် ကို မုန်းပါ စိတ်နာပါ. . .
အဲ့သလိုမရည်ရွယ်ပေမဲ့
အဲ့သလို ဖြစ်သွားတဲ့အတွက် အနူးအညွတ်
တောင်း ပန် ပါ တယ် တစ်ကယ်
Posted by နွေညို at 1:17 PM 2 comments
Labels: ကဗျာများ