BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, September 17, 2009

မုန်တိုင်းနောက်ဆက်တွဲ

ရေကြည်ရာမှာ မြက်မနုနိုင်တဲ့အလျောက်
မြက်နုရာမှာ ရေမကြည်နိုင်တဲ့နောက်
တစ်ယောက်ရဲ့ လိုအပ်မှုက တစ်ယောက်ကို အကျိုးမပြုတဲ့အခါ
တစ်ယောက်ရဲ့ရူးသွပ်မှုက တစ်ယောက်အတွက် အနုပညာဖြစ်မလာတဲ့အခါ
ခြေရာတွေကိုယ်စီ သိမ်းရုပ်လို့
လာလမ်းအတိုင်း တို့တွေ နောက်ဆုတ်လိုက်ကြရုံ

အလံဖြူတွေ စံပယ်လိုသွင်သွင်ပွင့်ပြနေပါလျက်နဲ့
သံသယတွေနဲ့အမှောင်ချထားတဲ့ အခန်းဆိုတော့မှ
မျက်ကန်းတစ်ယောက်ရဲ့ အချစ်ကို မင်းမြင်နိုင်ပါအုံးမလား
အပြောခပ်လွယ်လွယ်နဲ့ပဲ . . . မင်းကစပြီးမေ့လိုက်ကွယ်

တစ်ကယ်လို့ပေါ့ . . .
တစ်ကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် . . .
တစ်ကယ်လို့ နောက်တစ်ခါ ပြန်ဆုံဖြစ်မယ်လို့ မင်းယူဆခဲ့ရင်
အများကြီးမတွေးပါနဲ့ အချစ်ရယ်

အသေချာဆုံးတရားက
ငါဟာ မင်းအတွက် ချစ်ခြင်းအပွေးတွေအထပ်ထပ်နဲ့သနပ်ခါး
ငါ့အသွေးအသားတွေ အပွန်းပဲ့ခံလို့
မင်းတစ်ဘ၀လုံး မွှေးမြနေစေရပါ့မယ်။

4 comments:

ဖြိုးငယ် said...

ကောင်းပါ့ .. ကဗျာလေးက ..
စကားလုံးလေးတွေကလည်း ယဉ်ယဉ်လေးနဲ့ဆန်းတယ် ..
နောက်ဆုံးအပိုဒ် အယူလေးကိုတော့
အထူးကို ကြိုက်မိတယ်ဗျာ .. တွေးတက်လိုက်တာ ..

သက်ထွန်းညိမ်း said...

အောက်ဆုံးအပိုဒ်လေး မိုက်တယ်ကွာ
သနပ်ခါးလေးရေ ဟေဟေး)

မောင်နွေသစ် said...

တယ်လဲ ထိရှပါလား..ကိုယ့်လူ
ကောင်းတယ်ဝေ့... တကယ်နှစ်ခြိုက်မိတယ်
ကနွေညိုရေ...အားပေးနေတယ်နော့...။

အိုင်လွယ်ပန် said...

တင်းစားထားပုံလေးလှပဗျာ ...