BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, July 20, 2010

“ရေခဲသေတ္တာထဲက ဘီယာကို . . .ငါမဖောက်ရသေးဘူး”

မင်းပြန်လာရင် သောက်ဖို့
ရေခဲသေတ္တာထဲက ဘီယာကို
ငါမဖောက်ရသေးဘူး

ဆံပင်တွေ ရှည်လာသလောက်
စိတ်အလျားကို ဆွဲရင်း ဆန့်ရင်း
မျှော်ရတာမောတယ်လို့ ပြောဖူးသားပဲ
ရေခဲသေတ္တာထဲက ဘီယာကို
ငါမဖောက်ရသေးဘူး

ရေဆာသူ ရေငတ်သူ မောပန်းနွမ်းလျသူတွေ
ငါ့ကို မျက်မှောင်ကြုံ့ပြီး ကြည့်သွားကြ
မင်းအကြောင်းတွေးတဲ့ စိတ်နဲ့ ခုနေ
ဖွင့်ဖောက်လိုက်ရင်. . . .
အလွမ်းတွေ လျှံကျလို့ အမြုပ်ထနေမလားပဲ

ရေခဲသေတ္တာထဲက ဘီယာကို
ငါမဖောက်ရသေးဘူး . . .

ရေခဲသေတ္တာထဲက ဘီယာကို
ငါမဖောက်ရသေးဘူး . . .

လာမယ် ကြာမယ်ဆိုတော့ မျှော်နေခဲ့ပေါ့
ငါ့မျက်စိရှေ့ မင်းပေါ်လာဖို့တော့ လိုမယ်
အဲ့ဒီအခါကျ နင့်လက်နဲ့ဖွင့်ဖောက်သောက်ပေါ့
ငါ့ရင်ထဲ အလုံပိတ် . . အချစ်တံဆိပ်နှိပ်ထားတဲ့ နှလုံးသားဘီယာ
မင်းရင်တစ်ခုလုံး
ချို. . ရီ . . အေး . . မြ . .ပါ စေသား ။

1 comments:

Mhu Darye said...

ချို အီ အေး မြ ပါစေသားး ကိုနွေညိုး)