BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, July 20, 2010

“ရေခဲသေတ္တာထဲက ဘီယာကို . . .ငါမဖောက်ရသေးဘူး”

မင်းပြန်လာရင် သောက်ဖို့
ရေခဲသေတ္တာထဲက ဘီယာကို
ငါမဖောက်ရသေးဘူး

ဆံပင်တွေ ရှည်လာသလောက်
စိတ်အလျားကို ဆွဲရင်း ဆန့်ရင်း
မျှော်ရတာမောတယ်လို့ ပြောဖူးသားပဲ
ရေခဲသေတ္တာထဲက ဘီယာကို
ငါမဖောက်ရသေးဘူး

ရေဆာသူ ရေငတ်သူ မောပန်းနွမ်းလျသူတွေ
ငါ့ကို မျက်မှောင်ကြုံ့ပြီး ကြည့်သွားကြ
မင်းအကြောင်းတွေးတဲ့ စိတ်နဲ့ ခုနေ
ဖွင့်ဖောက်လိုက်ရင်. . . .
အလွမ်းတွေ လျှံကျလို့ အမြုပ်ထနေမလားပဲ

ရေခဲသေတ္တာထဲက ဘီယာကို
ငါမဖောက်ရသေးဘူး . . .

ရေခဲသေတ္တာထဲက ဘီယာကို
ငါမဖောက်ရသေးဘူး . . .

လာမယ် ကြာမယ်ဆိုတော့ မျှော်နေခဲ့ပေါ့
ငါ့မျက်စိရှေ့ မင်းပေါ်လာဖို့တော့ လိုမယ်
အဲ့ဒီအခါကျ နင့်လက်နဲ့ဖွင့်ဖောက်သောက်ပေါ့
ငါ့ရင်ထဲ အလုံပိတ် . . အချစ်တံဆိပ်နှိပ်ထားတဲ့ နှလုံးသားဘီယာ
မင်းရင်တစ်ခုလုံး
ချို. . ရီ . . အေး . . မြ . .ပါ စေသား ။

Wednesday, July 7, 2010

ဇာတ်သိမ်းခန်းမှာ . . .

ညီမလေးရေ
ကိုယ်မင်းအပေါ်ထားတဲ့ ချစ်စိတ်တွေကို
အဆိပ်တွေအဖြစ်
ထင်မှတ်မှားခဲ့တာလား

မနှစ်မြို့ဟန်ပြတဲ့ မျက်စောင်းလှလှတွေကြား
ရင်ထဲ စိုးရိမ်စိတ်ခေါင်းလောင်းသံတွေ ဆူညံလို့
ဆံနွယ်တွေခါပြီး ချာခနဲ့လှည့်အထွက်မှာတင်
နှလုံးသားဟာ အသက်ရှုရပ်ခဲ့ရတယ်။

မစိုက်ပျိုးပါပဲ ညီမလေးအတွက်
အလိုလို ပွင့်ဖူးလာတဲ့ မေတ္တာပန်းတွေ
နွမ်းခြောက်သွားအောင် လုပ်ရက်တယ်တဲ့လား
သတိလက်လွတ်ငေးမိခဲ့တဲ့ မင့်အပြုံးတွေကို
သိမ်းဆည်းထားခွင့်ရှိရုံနဲ့ ကျေနပ်မယ်

ဘုရားသခင် ၊ ချစ်ခြင်းမေတ္တာ နဲ့ အနုပညာ
ယုံကြည်ရာတွေထဲက တစ်ခုပျောက်ဆုံးသွားခဲ့အခါ
ကိုယ့်နေ့ဟာ ညဖြစ်လိုက် . . . ကိုယ့်ညဟာနေ့ဖြစ်လိုက်
. . . . . .
ပင့်သက်တွေ
သက်ပြင်းတွေအထပ်ထပ်နဲ့
ရှင်သန်မှုဟာ စိတ္တဇဆန်လွန်းတယ်

ခုနေ ညီမလေးများကြားနိုင်မလား
ရှိုက်သံတွေ ကို အမှောင်လဲ ဆွဲလွှင့်ပစ်လိုက်တယ်
နှုတ်ခမ်းကိုတင်းတင်းစေ့
မျက်ဝန်းအိမ်ဆီကရေငွေ့ကို သုတ်ရင်း . . .
မင်းကို ကြိုးစားမေ့ကြည့် နေခြင်းတွေရော မြင်နိုင်ပါ့မလား

ဘာပဲဖြစ်ဖြစ် . . .
သေချာတယ် သေချာနေခဲ့တယ် ညီမလေးရယ်…
အစတည်းက အရာအရာဟာ
ဘယ်လိုပဲ လွဲချော်နေခဲ့လည်း
ညီမလေးကို ချစ်ခဲ့မိတာ . . .
ဘယ်တော့မှ မမှားဘူးဆိုတာ။