BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, May 22, 2009

အတိတ်မှ . . . အဝေးသို့


မျှော်လင့်ခြင်းကို ဆုပ်ကိုင်မထားချင်တော့ဘူး . .
ဟုတ်တယ်
မနီးတဲ့ အရပ်ကိုမှ ဆုံးဖြတ်ချက်တဖတ်သက်ချလို့
ခရီးရှည် ထွက်ခွာသွားသူကို
ကျွန်တော် ပြန်လွမ်းမနေချင်တော့

သူမရဲ့ ရာသီဥတု သာယာပါရဲ့လား
တစ်ခါတစ်ခါ တွေးမိရဲ့
ကျွန်တော့မြို့မှာ မိုးသက်လေပြင်းကျတဲ့အကြောင်း
နှလုံးသားမှာရေကြီး ရင်ဘတ်ထဲတောမီးလောင်
လက်ခမောင်းထခတ်တဲ့ အလွမ်းတွေရဲ့ ရာဇ၀င်
သူမ သိဖို့မလို

တင်္ဒဂ စိတ်ကူးသာဖြစ်တယ်
နာကြည်းမိတဲ့ ဆောင်းအိပ်မက်ဖြစ်တယ်
လေပြင်းတွေအတိုက်ခံရတဲ့ တိမ်တိုက်သာဖြစ်တယ်
ဗလာမှန်းသိရက်နဲ့ နှိုက်မိတဲ့ မဲဖြစ်တယ်

အတွေးဟာ အတွေးထဲမှာပဲပျောက်ကွယ်
အချည်းနှီးဖြစ်တဲ့ ကြိုးစားခြင်းတွေလွင့်ပျယ်လို့
နောက်ဆုံးထွက်လာတဲ့အီကွေးရှင်းမှာ
သူမကို . . .
နင့်နင့်သည်းသည်းချစ်မိနေဆဲအဖြစ်နဲ့
အနည်ထဆဲအလွမ်းနွံများသာ
နှလုံးသားထက်
. . . . . . တင်ကျန်ရစ်ခဲ့ရပါတယ်

Thursday, May 21, 2009

ကိုယ့်ရဲ့ညများ


ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော်က ညတွေကိုချစ်တယ်

အိမ်အမိုးမျက်နှာကျက်မှာ အနုမြူစတွေ
အစီအရီကပ်ထားသလိုမျိုး
ဟိုးမိုးကောင်းကင်ထက်မှာ ကြယ်လေးတွေ
ဖွေးဖွေးလှုပ်ပွင့်ဖူးလို့
ဆိတ်ဖလူးနံ့သင်းတဲ့ လေညှင်းဟာ
အေးမြလတ်ဆတ်လွန်းတယ်

မှုန်ရီဝေတဲ့ အလင်းအောက်မှာ
လောကဟာ သိမ်မွေ့ခြင်းနဲ့အပြာရောင်
ခြင်တွေတောင်ပံခတ်သံ အတိုင်းသား
အဝေးက ကားမောင်းသံ သဲ့သဲ့ကြားတယ်

မကြာခင်မှာ ဗီသိုဗင်တီးလုံးသံနဲ့
နာရီလေးမြည်မယ်
အထီးကျန်နေတယ် ယူဆရတဲ့ခွေးတွေ
ဆွေးဆွေးမြည့်မြည့်အူမယ်
အစာရှာထွက်တဲ့ ညဉ့်ငှက်လေးတွေ
အချိန်လွန် အိပ်တန်းပြန်လာတော့မယ်

အလင်းရောင်ရှိဖို့ မလိုအပ်ခဲ့ဘူး
အိပ်စက်ခြင်းကို လဲ အလိုမရှိခဲ့ဘူး

တစ်ကယ်တော့ ဒီလိုညတွေဟာ
မာယာစုံတဲ့ လူ့လောကဘုံထဲက
လွပ်လပ်သော ကိုယ့်ရဲ့ကမ္ဘာလေးသာ
ဖြစ်ပါတယ် . . .။

Monday, May 11, 2009

မျှော်လင့်ခြင်းကို ရှာဖွေမိသောနေ့များ

ချစ်ခြင်းမေတ္တာဟာ
ဘယ်သူ့ရင်ဘတ်မှာ အိပ်စက်နေပါသလဲ
တစ်ဆိတ် . . .
မျှော်လင့်နေသူဆီပြန်လာပါ

တသသ မတွေးနဲ့ တဆစ်ဆစ်နာတယ်လို့
ရင်ဘတ်ကြီးကလှမ်းပြောရဲ့
အဲ့ဒီ လွမ်းမောဖွယ်ဇာတ်ကြီးကို
တစ်ခန်းရပ်ပစ်ဖို့
ဆံစ တွေထဲ ပျော်ရွှင်ဖူးတဲ့
ကံ့ကော်ပွင့်ခြောက်လေးက ခပ်တိုးတိုးဆို

အလွမ်းရယ်
ငါ့မျှော်လင့်ခြင်းဟာ နင်မဟုတ်ဘူးကွဲ့
ရှာဖွေတွေ့ရှိသော မရေရာမှုများထဲမှာ
တိတ်တဆိတ် မြည်တမ်းရင်း . . .
. . . . .
ကြေကွဲ လွမ်းဆွတ်နေခဲ့ရပါတယ်

Thursday, May 7, 2009

အလင်းရဲ့ဝေးရာ

နာကျင်ရပုံများ . . .
ကိုယ်က စမရှို့ပါပဲ ရင်တစ်ခုလုံး
ဟုန်းဟုန်းတောက်လောင်ခဲ့တယ်

လှပသောသူ့အဆင်းမှာ ကိုယ်က အလင်းလို့မှတ်ထင်
အားငယ်ရသော အမှောင်ကာလတွေထဲ
မင်းအပေါ်
ရဲရင့်မျှော်လင့်ခြင်း အထပ်ထပ်နဲ့
အိပ်မက်ပန်းပွင့်တွေ ဝေခဲ့ဖူး

မင်းအလင်းရဲ့ ဘာသာဗေဒမှာ
အနက်အဓိပ္ပါယ်တွေလွဲချော်ခဲ့ခြင်းလား
မမျှော်လင့်မှုတွေရဲ့ ခေါ်ဆောင်ရာဟာ
ဒီမေလလိုပဲ ပူပြင်းသွေ့ခြောက်လွန်း

အဆုံးတော့
အလွမ်းတွေသာ မွှန်းထုံထားတဲ့
အမှောင်ထုတွေထဲ အရောင်အဆင်းမဲ့လို့
တစ်ကိုယ်တည်း တိတ်ဆိတ်စွာ
ကျွမ်းလောင်ကျဆုံးခဲ့ရပါတယ်

သူသိပါစေ

လွမ်းဆွတ်နေခဲ့တာ . . . သူသိပါစေ
တမ်းတနေခဲ့တာ . . . သူသိပါစေ
မျှော်လင့်နေမိတာ . . . သူသိပါစေ
ငိုကြွေးနေခဲ့တာ. . . သူသိပါစေ

အချစ်ရေ . . . .
မင်းချန်ရစ်ခဲ့တဲ့ နေ့ကစလို့
ဘ၀ဟာ မီးကျွမ်းသင့်တဲ့ တောင်ယာတစ်ခင်းလို
ခြောက်သွေ့အက်ကွဲနေခဲ့ရပါကြောင်း
မင်းသိပါကွယ်